Skip to main content

"Free Beat" တွေရဲ့ နောက်ကွယ်ကအန္တရာယ်


 အွန်လိုင်းပေါ်က Beat အလန်းစားတစ်ခုကို Free Download ဆွဲ Melody ထည့် Lyrics ဖြည့်ပြီး သီချင်းတပုဒ်ဖန်တီးတော့မယ်ဆိုရင် ဒီပိုစ့်ကို ဆုံးအောင်အရင်ဖတ်ဖို့လိုပါမယ်။

ခေတ်ကြီးက အရင်လိုမဟုတ်တော့ဘူး၊ စက္ကန့်နဲ့အမျှ နည်းပညာတိုးတက်မှု အရှိန်ကောင်းနေတဲ့ခေတ်ကြီးမှာ "အခမဲ့" ဆိုတဲ့ Loop, Sample, Beat တွေက ညီကိုတို့ရဲ့ အနုပညာခရီးကို အကြီးအကျယ်ထိခိုက်စေနိုင်တဲ့ မမြင်ရတဲ့ ကန့်သတ်ချက်တွေ ရှိနေနိုင်တဲ့အတွက် သတိထားဖို့လိုပါတယ်။ 

Social Media မှာ အပျော်သဘောတင်တာက ပြဿနာမရှိပေမယ့်၊  ဒီသီချင်းကို Spotify, Apple Music တို့လို Streaming Platform တွေမှာ Official Release လုပ်မယ်၊ TikTok/ Meta Platforms / YouTube Content ID ယူမယ်ဆိုရင်တော့ ပြဿနာတွေ ရှိလာနိုင်ပါတယ်။

ခွင့်ပြုချက်မရှိဘဲ Beat, Sample, Loop ကို သုံးမိရင် ဘာတွေဖြစ်လာနိုင်လဲ?

|| YouTube Channel Copyright Strike မိပြီး Channel ပျက်နိုင်ခြင်း

ဒါက အဖြစ်အများဆုံးနဲ့ အန္တရာယ်အကြီးဆုံးပါ။ YouTube ရဲ့မူဝါဒအရ Copyright Strike ၃ ကြိမ် ပြည့်သွားရင် သင်အချိန်တွေ၊ ငွေတွေ၊ အားတွေအများကြီးစိုက်ထုတ်ပြီး တည်ဆောက်ထားတဲ့ YouTube Channel တစ်ခုလုံး အပြီးအပိုင် ဖျက်သိမ်းခံရပါလိမ့်မယ်။ Strike တစ်ခုချင်းစီမှာလည်း Channel ရဲ့ Feature တွေ (ဥပမာ- Live လွှင့်တာ) ပိတ်ခံရနိုင်ပါသေးတယ်။

|| Social & Streaming Profile များထိခိုက်ခြင်း (Profile Restriction) 

  • Facebook/Instagram: သင်တင်လိုက်တဲ့ Video/Reel က သီချင်း Audio ကို Mute လုပ်ခံရတာ၊ Post ကို နိုင်ငံအချို့မှာ ကြည့်မရအောင် Block လုပ်ခံရတာမျိုးတွေ ချက်ချင်းကြုံရပါမယ်။ အကြိမ်များလာရင် သင့် Page/Profile ရဲ့ Reach ကျဆင်းသွားနိုင်ပါတယ်။

  • Spotify/Apple Music: ဒီ Platform တွေမှာတော့ သင်တင်ပေးတဲ့ Distributor ကနေ သင့်ကို Warning ပေးပြီး သီချင်းကိုဖြုတ်ချပါလိမ့်မယ်။ အကြိမ်များလာရင် အဲ့ဒီ Distributor ကနေ သင့်ကို Blacklist သွင်းပြီး နောက်ထပ်သီချင်းတွေ တင်ခွင့်မပေးတော့တာမျိုးအထိ ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ Artist Profile ကို Blacklist အသွင်းခံရတာမျိုးပါ၊ ဒါကသိပ်ကို ခံရခက်ပါလိမ့်မယ်။ 

|| ဝင်ငွေအားလုံးဆုံးရှုံးခြင်း (Loss of Monetization) 

သင့်သီချင်းကရတဲ့ ဝင်ငွေအားလုံး (ဥပမာ- YouTube Views ကရတဲ့ ပိုက်ဆံ) ဟာ သင့်ဆီကို တစ်ပြားမှမရောက်ဘဲ မူရင်း Beat ပိုင်ရှင်ဆီကို 100% ရောက်သွားပါလိမ့်မယ်။ ညီကိုတို့ကသာ ပင်ပန်းခံပြီး Rap ဆိုပေးရတဲ့ အလကားသက်သက် အခြေအနေဖြစ်သွားပါမယ်။

|| တရားဝင်ပိုင်ဆိုင်ခွင့်မရှိခြင်း

ဒီသီချင်းဟာ သင့်ရဲ့ Original Creation မဟုတ်တဲ့အတွက် သင်တရားဝင်ပိုင်ဆိုင်ခွင့်ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘယ်နေရာမှာမှ "ဒါကျွန်တော့်သီချင်းပါ" လို့ တရားဝင်ပြောဆိုခွင့်ရှိမှာ မဟုတ်ပါဘူး။

|| ဒါဆို ဘာတွေကို အဓိကရှောင်ရမလဲ? ဘာတွေကို သတိထားရမလဲ?

- "Free" ဆိုတဲ့ စကားလုံးကို အလွယ်မယုံပါနဲ့။

Free Beat တိုင်းမှာ သူ့ရဲ့ License (အသုံးပြုခွင့်စည်းကမ်း) ကပ်ပါလာပါတယ်။ "Free for Non-Profit Use Only" (အကျိုးအမြတ်မယူတဲ့ သုံးစွဲမှုအတွက်သာ) လို့ရေးထားရင် သင် Official Release လုံးဝလုပ်လို့မရပါဘူး။ အခု Free အနေနဲ့ ပေးထားပေမယ့် နောက်ပိုင်းမှာ လူသုံးများလာတဲ့အချိန် Content Right ကောက်တင်လိုက်ပြီး ရသမျှဝင်ငွေ အကုန်သိမ်းသွားတဲ့ အဖြစ်အပျက်တွေကလည်း အများကြီးပါ။

- License ကို သေချာဖတ်ပါ။ 

Beat ကို Download မဆွဲခင်မှာ သူ့ရဲ့စည်းကမ်းချက် (Terms and Conditions) ကို အချိန်ပေးပြီးဖတ်ပါ။ Commercial Use (စီးပွားဖြစ်သုံးခွင့်) ရလား၊ မရလားဆိုတာ အဓိကစစ်ပါ။

- Credit ပေးရုံနဲ့ မလုံလောက်ပါ။ 

မူရင်း Producer ကို Credit ပေးတာက ကောင်းတဲ့အပြုအမူဖြစ်ပေမယ့်၊ ဒါဟာ သင့်ကို တရားဝင်သုံးစွဲခွင့်ပေးလိုက်တာမဟုတ်ပါဘူး။ ခွင့်ပြုချက် (Permission) ကသာ အဓိကကျပါတယ်။

- Music အပ်မယ်ဆိုရင် စုတုပြုတီးခတ်တဲ့ အမည်ခံ Producer တွေဆီမအပ်ပါနဲ့။

ဒါကအရေးကြီးဆုံးအချက်ပါ၊ Music ကိုယ်ကိုယ်တိုင်က Music ကို ဖန်တီးတာမဟုတ်ပဲ Music Producer တယောက်စီမှာ အပ်နှံတာမျိုးဆိုရင် ကိုယ်ပိုင်ဖန်တီးမှုအားကောင်းတဲ့ Professional Music Producer တွေဆီမှာသာအပ်နှံပါ။

ပြည်တွင်းက သီချင်းတွေကို Sample လုပ်ချင်ရင်ရော?

ဒါကလည်း အရမ်းအရေးကြီးပါတယ်။ ကိုယ်ကြိုက်တဲ့ မြန်မာသီချင်းဟောင်းတစ်ပုဒ်ရဲ့ အကောင်းဆုံးအပိုင်းလေးကို ကိုယ့်သီချင်းထဲမှာ ထည့်သုံးချင်တယ်ဆိုရင်...

- တိုက်ရိုက်ခွင့်ပြုချက်တောင်းပါ 

အဲ့ဒီသီချင်းရဲ့ မူရင်းအဆိုတော်၊ တေးရေး၊ ထုတ်လုပ်သူဆီမှာ တရားဝင်ခွင့်ပြုချက်တောင်းပြီး အသုံးပြုခွင့်ကို ဝယ်ယူရပါမယ်။

Agency တွေကနေတစ်ဆင့် ချိတ်ဆက်ပါ

အရင်ခေတ်က သီချင်းအဟောင်းတွေအတွက်ဆိုရင်တော့ Imagine Music လို Agency တွေကနေတစ်ဆင့် မူပိုင်ခွင့်ကို တရားဝင်မေးမြန်းဝယ်ယူတာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။ တချို့အထိမခံတဲ့ သီချင်းတွေကိုတော့ လက်ရှောင်ပါ၊ ဒါမှမဟုတ် Attention လိုချင်လို့ဆိုရင်တော့ သဘောပါ။ 

|| အကောင်းဆုံးနဲ့ အလုံခြုံဆုံးနည်းလမ်း

အကောင်းဆုံးနဲ့ ရေရှည်အာမခံချက်အရှိဆုံးကတော့ ကိုယ်ပိုင် Original တီးလုံးကို ဖန်တီးတာ၊ ဒါမှမဟုတ် Producer တွေဆီကနေ Beat License ကို တရားဝင်ဝယ်ယူအသုံးပြုတာပါပဲ။ အဲ့ဒီအခါကျမှ သင်ဖန်တီးလိုက်တဲ့ သီချင်းဟာ သင့်ရဲ့ရင်သွေးလို၊ သင် 100% အပြည့်အဝ ပိုင်ဆိုင်တဲ့ အနုပညာတစ်ခု ဖြစ်လာမှာပါ။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့အတွေ့အကြုံတွေ၊ သိချင်တာတွေရှိရင် Comment မှာ ရင်းရင်းနှီးနှီး ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ ကျွန်တော်တို့ အတွေ့အကြုံရှိသလောက် ရေးပြထားတာမို့ လိုအပ်ချက်တွေ ရှိနိုင်ပါတယ်။ အစအဆုံးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ကိုယ့်အတွက်တခုခုရသွားတယ်ဆိုရင်တော့ Like & Share Please ပါ။ 

Comments

Popular posts from this blog

အဆိုတော်တိုင်း မဖြစ်မနေ သိထားသင့်တဲ့ ISRC နဲ့ UPC ကုဒ်အကြောင်း

  အဆိုတော်တိုင်း မဖြစ်မနေ သိထားသင့်တဲ့ ISRC နဲ့ UPC ကုဒ်အကြောင်း ယနေ့ခေတ်မှာ ကိုယ်က သီချင်းသီဆိုသူ အဆိုရှင်၊ အဆိုတော် (Artist) တစ်ယောက်ဆိုရင် ISRC နဲ့ UPC အကြောင်းကို သိထားဖို့ လုံးဝလိုအပ်ပါတယ်။ ISRC (International Standard Recording Code) ISRC ဆိုတာက သီချင်းတစ်ပုဒ်ချင်းစီ (သို့မဟုတ်) အသံသွင်းယူမှု (Recording) တစ်ခုချင်းစီအတွက် သီးသန့်သတ်မှတ်ပေးထားတဲ့ "ဒစ်ဂျစ်တယ်လက်ဗွေရာ" (Digital Fingerprint) ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာ အသိအမှတ်ပြု ကုဒ်နံပါတ်တစ်ခုလည်း ဖြစ်ပါတယ်။ ISRC ကုဒ် ဖွဲ့စည်းပုံ (ဥပမာ)  ISRC ကုဒ်မှာ အက္ခရာနဲ့ ဂဏန်း စုစုပေါင်း ၁၂ လုံး ပါဝင်ပါတယ်။ ဥပမာ -  US-S1Z-24-00001 US:  နိုင်ငံကုဒ် (Country Code) S1Z:  ထုတ်ဝေသူ ကုဒ် (Issuer Code) 24:  ထုတ်လုပ်သည့် ခုနှစ် (Year of Reference - 2024) 00001:  သီချင်းစဉ် (Designation Code) ဘယ်လိုအသုံးဝင်သလဲ? ခြေရာခံခြင်း (Tracking):  သီချင်းတစ်ပုဒ်ကို ဘယ်နေရာမှာ၊ ဘယ်နှစ်ကြိမ် နားထောင်ခဲ့လဲ (Stream)၊ ဒေါင်းလုပ် (Download) ဆွဲခဲ့လဲဆိုတာကို ခြေရာခံနိုင်ပါတယ်။ ဥပမာ - Spotify, Apple Music, YouTube စတဲ့ Platform တွေ...

New Artist တွေအတွက် YouTube Subscriber ရဖို့နည်းလမ်းအချို့ (၁)

  YouTube က ပုံမှန်တိုင်းဆို subscriber ရဖို့ခက်ခဲပါတယ်၊ YouTube ကြည့်တဲ့သူတွေက တော်ယုံ ရင်ထဲမထိပဲ subscribe မလုပ်ကြပါဘူး၊ Channel စဖွင့်ဖွင့်ချင်းဆိုရင် ပိုဆိုးပါတယ်၊ အဲ့ဒီမှာ တခုပြောချင်တာက subscriber ဂျင်းတွေ/အတုတွေမဝယ်ပါနဲ့၊ YouTube ရဲ့ AI စနစ်ကမပိန်းပါဘူး၊ ကိုယ့် Video ကိုတစက်မှမကြည့်ပဲ Sbuscriber နိပ်ရုံနိပ်သွားခဲ့ရင် အဲ့ဒီ subscriber ကမကြာခင်ပျောက်သွားမှာပါ၊  || Subscriber ရဖို့ဘယ်လိုလုပ်မလဲ ? New Artist တွေအတွက် ဒါကအခက်အခဲတခုပါပဲ၊ အောင်မြင်နေပြီးသား၊ Flow ပေါ်ရောက်နေပြီးသား Artist တယောက်အတွက်ကတော့ Subscriber 1K နဲ့ Watch Hour 4000 က အေးအေးဆေးဆေးအချိန်တိုအတွင်းရပါတယ်၊ အခုမှ စလုံးရေစမယ့် Artist တွေအတွက်ကတော့ စိန်ခေါ်မှုတခုပါပဲ၊ ခက်လားမေးရင် ခက်ပါတယ်၊ ဒါပေမယ့်ကြိုးစားရင်ဖြစ်ပါတယ်။   အောက်ကအကြံပြုချက်လေးတွေအတိုင်းလိုက်လုပ်ကြည့်ပါနော် Channel တွေ / Page တွေမဖန်တီးခင် တင်ဖို့သီချင်း Ready အရင်လုပ်ပါ၊ အနည်း (၃) ပုဒ်လောက် Ready ပြင်ထားပါ၊ အဲ့ဒီထဲမှာ ပရိတ်သတ်ရင်ထဲထိမယ့် နားထဲစွဲမယ့် သီချင်းမျိုးပါရင်ပိုကောင်းပါတယ်၊ ပေါ်ပင်မှာပျော်ရွှင်တတ်ရင် Trend ပေါ်ရောက်နိုင်မယ့် သီချင်...

TikTok က သီချင်းတွေကနေ ဝင်ငွေဘယ်လိုပေးတာလဲ?

  တေးသံရှင်တော်တော်များများ အထူးသဖြင့် TikTok Royalty နဲ့ပတ်သက်ပြီး နားလည်မှုလွဲနေတာလေးတွေရှိပါတယ်။  "ကျွန်တော် / ကျွန်မရဲ့ အကောင့်မှာ သီချင်းကိုသုံးပြီးလုပ်ထားတဲ့ Video ရဲ့ View က သိန်းချီရှိတယ်၊  ဘာလို့ တကျပ်မှမရတာလဲ !@#$%^&*@#$%%"  ဟုတ်ကဲ့ အဲ့တာလေးရှင်းပြချင်ပါတယ်။  သင့်ကိုယ်ပိုင် TikTok Video က Views များရုံနဲ့ ပိုက်ဆံမရပါ သင့်ရဲ့ TikTok အကောင့်မှာ သင်ကိုယ်တိုင်တင်ထားတဲ့ သီချင်းဗီဒီယိုက Views တွေသိန်းကျော်သွားတာဟာ လူကြီးမင်းရဲ့သီချင်းအတွက် ကောင်းမွန်တဲ့ ပရိုမိုးရှင်းတစ်ခုဖြစ်ပေမယ့်၊ အဲ့ဒီ Views အရေအတွက်ပေါ်မူတည်ပြီး TikTok က တိုက်ရိုက် ပိုက်ဆံပေးတာ  မဟုတ်ပါဘူး ။ ဒါဟာ YouTube လို ကြော်ငြာဝင်ငွေ (Ad Revenue) ရတဲ့ပုံစံနဲ့ လုံးဝကွဲပြားပါတယ်။ TikTok ကနေ သီချင်းအတွက် Royalty Income ဘယ်လိုရတာလဲ? TikTok ရဲ့ Royalty စနစ်က Spotify တို့ Apple Music တို့လို "တစ်ခါနားထောင်ရင် ဘယ်လောက်" (per-stream) ဆိုတဲ့ ပုံစံမဟုတ်ပါဘူး။ သူတို့ရဲ့ စနစ်က ဒီလိုအလုပ်လုပ်ပါတယ်- || လူကြီးမင်းရဲ့သီချင်းကို တခြားသူတွေက သူတို့ရဲ့ ဗီဒီယိုတွေမှာ သုံးစွဲခြင်း (Video Creations) ဝင်ငွေရရှိဖ...