Apple Music / Spotify တို့လို Streaming Platforms တွေမှာသီချင်းတင်ရင် ဝင်ငွေဘယ်လိုပေးလဲ? ဘယ်လောက်ရနိုင်လဲ?
အဆိုတော်တွေတော်တော်များများ အမေးများပြီး သိချင်နေကြတဲ့ အကြောင်းအရာဖြစ်ပါတယ်။ တကယ်သိချင်တယ်ဆိုရင် ဒီဆောင်းပါးကို အစအဆုံးကို ဖတ်ဖို့အကြံပြုချင်ပါတယ်။
ဘယ်လောက်ရနိုင်လဲဆိုတာ မပြောခင် Spotify , Apple Music တို့လို Streaming Platforms တွေမှာ သီချင်းတင်ရင် ပိုက်ဆံတကယ်ရလား? ဆိုတဲ့ အကြောင်းအရာကို အရင်ရေးခဲ့ဘူးတဲ့ ဆောင်းပါးတပုဒ်က စာစုတချို့ကို လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် update လုပ်ပြီး ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
ဝင်ငွေရနိုင်လားဆိုရင် ? ရနိုင်ပါတယ်၊ တကယ်ရပါတယ်၊ ဒါပေမယ့် နားထောင်မယ့် ကိုယ့်ရဲ့ပရိတ်သတ်ရှိဖို့လိုပါတယ်။ နားထောင်တဲ့အကြိမ်အရေအတွက်ပေါ်မှာ (on per stream) အခြေခံပြီးရရှိတာဖြစ်ပါတယ်။ နားထောင်တဲ့သူမရှိရင် ဘာဝင်ငွေမှမရပါဘူး၊ နားထောင်တဲ့ ၁၀ ဂဏန်း၊ ရာဂဏန်း လောက်နဲ့လည်း ဘာမှသိပ်အလုပ်မဖြစ်ပါဘူး။ streaming platforms တွေမှာ ကိုယ့်သီချင်းတွေကိုပုံမှန်နားထောင်ပေးမယ့် ထောင်ဂဏန်း၊ သောင်းဂဏန်း / သိန်းဂဏန်း ပရိတ်သတ်ရှိမှ သိသာတဲ့ဝင်ငွေပမာဏရရှိမှာဖြစ်ပါတယ်။ အဓိကကတော့ ဝင်ငွေရရှိနိုင်တဲ့ Streaming Platforms တွေကနေ ကိုယ့်သီချင်းကို အားပေးနားဆင်ပေးမယ့် ပရိတ်သတ်အခိုင်အမာရှိမှ ဝင်ငွေရရှိပါမယ်။
ဒီလိုပြောလို့ အခုမှခြေလှမ်းစမယ့် သူတွေအနေနဲ့ နားထောင်မယ့်ပရိတ်သတ်မရှိသေးလို့ streaming platform တွေမှာမတင်ပဲနေတာလည်းမလုပ်ပါနဲ့။ ကိုယ့်ကအသစ်ဖြစ်တဲ့အတွက် ကိုယ့်သီချင်းကို အလွယ်တကူနားထောင်နိုင်ဖို့ platforms အားလုံးမှာရှိနေဖို့လိုသလို copyright cover ဖြစ်ဖို့အတွက် Social Media Platforms တွေမှာ Digital Copyright (Content ID, Right Manager, etc..) ရှိထားဖို့လိုတယ်၊ အဲ့ဒီအတွက် ကျွန်တော်အရင်ရေးခဲ့တဲ့စာတွေလိုပဲ ကိုယ့်သီချင်း စတင်ပြီး Public ကိုချပြတော့မယ်ဆိုရင် အရေးကြီးဆုံးက International Platforms တွေမှာ မဖြစ်မနေတင်ပြီး Digital copyright ယူထားဖို့ပါ။ New Artist တွေအနေနဲ့ ကိုယ့်ရဲ့စတင်ခြင်းဟာ အကျိုးအမြတ်ထက် ပရိတ်သတ်ရရှိရေးကိုသာဦးတည်ဖို့ အကြံပြုလိုပါတယ်။ အားပေးမယ့်ပရိတ်သတ်၊ ကိုယ့်သီချင်းကိုနားထောင်မယ့်ပရိတ်သတ်ရှိမှ ဝင်ငွေကနောက်ကလိုက်လာမှာပါ။
==========
ပရိတ်သတ်အခိုင်အမာရှိပြီးသား artist တွေအနေနဲ့ streaming platforms တွေက ရရှိနိုင်တဲ့ ဝင်ငွေနှုန်းထားတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီပမာဏတွေက အတိအကျမှတ်ယူလို့တော့မရပါဘူး။ ကျွန်တော်တို့ရဲ့အတွေ့အကြုံတွေ၊ တခြားသူတွေရဲ့ user experience တွေ၊ အချို့ Distributor တွေရဲ့ကြေငြာချက်တွေကနေ ပျမ်းမျှတွက်ချက်ပြီး (AI Tools များကိုအသုံးပြုပြီး) တွက်ချက်ဖေါ်ပြပေးထားတာဖြစ်ပါတယ်။ ပမာဏအနည်းငယ် ကွဲလွဲမှုတွေရှိနိုင်ပါတယ်။ လူကြီးမင်းတို့ ဘာမှမမြင်ရတာထက်စာရင် အကျိုးတစုံတရာတော့ ရရှိမယ်လို့ မျှော်လင့်ပါတယ်။
ပလက်ဖောင်းအလိုက် ပျမ်းမျှငွေပေးချေမှုနှုန်းထားများ (Per one stream)
- Spotify: $0.00318 - $0.005
- TIDAL: $0.01284 - $0.013
- Amazon Music: $0.0088 - $0.0096
- Apple Music: $0.0062 - $0.01
- YouTube Premium: $0.005445
- YouTube Music: $0.002 - $0.008
- YouTube: $0.000421 - $0.00069
- Deezer: $0.0064 - $0.0055
- SoundCloud: $0.002144
- Pandora: $0.0013
- TikTok: $0.001457
- Facebook: $0.001025
- Napster: $0.019 - $0.021
|| UGC Audio Match ပျမ်းမျှနှုန်းထားများ
UGC ဆိုတာ User တွေဖန်တီးတဲ့ Content တွေကနေရတဲ့ ဝင်ငွေကိုဆိုလိုတာပါ။ TikTok / Facebook / YouTube မှာ User တွေဖန်တီးတဲ့ Video တွေမှာ ကိုယ့်သီချင်းကို အသုံးပြုရင် ရရှိတဲ့ ဝင်ငွေအမျိုးအစားပါ။ တနည်းအားဖြင့် Content right / Content ID စနစ်ကနေရရှိတဲ့ ဝင်ငွေလို့လည်းမှတ်ယူထားလို့ရပါတယ်။ (Monetizaiton အောင်ထားတဲ့ YouTube Channel တွေ၊ Facebook Page တွေမှာ ကိုယ့်သီချင်းကိုတင်ရင် အောက်ဖေါ်ပြပါနှုန်းထားအတိုင်း ရာနှုန်းပြည့်နီးပါးရရှိနိုင်ပေမယ့်၊ monetization မအောင်ထားတဲ့ Channel တွေ / page တွေမှာတင်ရင်တော့ Streams တွေရဲ့ 35% ဝန်းကျင်လောက်က Royalty ရရှိဖို့စံနှုန်းမပြည့်မှီနိုင်ပါဘူး၊ Facebook ရဲ့ စံနှုန်းတွေကပိုပြီးတင်းကြပ်ပါတယ်၊ အဲ့ဒီစံနှုန်းတွေကိုတော့ အခုဆောင်းပါးကိုရေးနေတဲ့စာရေးသူလည်း လိုက်မမှီတာမို့ နားလည်သည်းခံပေးပါ 😁)
- YouTube Content ID: $0.00087
- Facebook UGC: $0.00068 - $0.00075
- TikTok UGC: $0.0003 - $0.0005
- Instagram Reels: $0.00055 - $0.00065
အထက်ပါဖေါ်ပြထားသောနှုန်းထားများ ပျမ်းမျှနှုန်းထားများဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်အလိုက် ရရှိမှုပမာဏ ကွဲပြားနိုင်တဲ့အကြောင်း ထပ်မံပြီးပြောပါရစေ။ ကွဲပြားနိုင်သည့် အကြောင်းအရင်းအချို့အား ဖော်ပြပေးလိုက်ပါတယ်။
နိုင်ငံအလိုက် ကွာခြားမှု || အမေရိကန်၊ ဥရောပလို ဖွံ့ဖြိုးပြီးနိုင်ငံတွေက streams တွေက ဖွံ့ဖြိုးဆဲနိုင်ငံတွေထက် ဝင်ငွေပိုရပါတယ်။ ဥပမာ - Spotify မှာ US က stream တစ်ခုက $0.0039 ရနိုင်ပြီး Portugal က stream တစ်ခုက $0.0018 သာရပါတယ်။ TikTok ဆိုလျှင် မြန်မာ Location နဲ့ဆို ဝင်ငွေအလွန်နည်းပါတယ်။
Premium vs Free || Premium အသုံးပြုသူများကနေရတဲ့ streams တွေက ကြော်ငြာနဲ့ free tier ကနေရတဲ့ streams တွေထက် ဝင်ငွေပိုရပါတယ်။ Spotify မှာ premium users 42% သာရှိသော်လည်း စုစုပေါင်းဝင်ငွေရဲ့ 90% ကို ဖန်တီးပေးပါတယ်။
အနည်းဆုံး stream အရေအတွက် || Spotify နှင့် Deezer တို့တွင် royalty ရရှိရန် အနည်းဆုံး stream 1,000 လိုအပ်ပါတယ်။
|| Streams ရှိပေမယ့် ဝင်ငွေမရရှိခြင်း အကြောင်းအရင်းများ
တခါတလေမှာ ကီုယ့်စာရင်းထဲမှာ Streams ရာဂဏန်းလောက်ရှိနေပေမယ့် ဝင်ငွေကမပြနေတာမျိုးတွေကြုံရတတ်ပါတယ်။
ဘာကြောင့်လဲဆိုရင် ပလက်ဖောင်းတွေမှာ ငွေပေးချေဖို့ အနည်းဆုံး threshold (ဝင်ငွေပမာဏ) သို့မဟုတ် Streaming အရေအတွက် သက်မှတ်ချက်ရှိပါတယ်။ ဥပမာ Spotify နှင့် Deezer တို့တွင် royalty ရရှိရန် အနည်းဆုံး stream 1,000 လိုအပ်ပါတယ်။ ဒါကြောင့်တချို့ Platforms တွေမှာ Streams တွေရှိနေပေမယ့် ဝင်ငွေမရရှိသေးတာဖြစ်ပါတယ်။ တချို့ Streams တွေက Royalty အဖြစ်ပြောင်းလဲဖို့ အချိန်ပိုကြာတတ်ပါတယ်။ နောက်လစာရင်းတွေမှာ ပေါ်လာနိုင်ပါတယ်။
အစအဆုံးဖတ်ရှူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဒီစာက ကျွန်တော်အတွေး၊ ကျွန်တော့်အတွေ့အကြုံအပေါ်အခြေခံပြီး လိုရင်းတိုရှင်းရေးထားတာမို့ မပြည့်စုံတာတွေ၊ လူတိုင်းရဲ့အခြေအနေနဲ့မကိုက်ညီတာတွေရှိနိုင်ပါတယ်။ ကိုယ်နဲ့ကိုက်ညီတယ်ကိုယ့်အတွက် တခုခုရသွားတယ်ဆိုရင်တော့ Like & Share Please ပါ။ ကျေးဇူးတင်ပါတယ်။
|| ကူယူဖေါ်ပြခွင့် လုံးဝခွင့်မပြပါ၊ share လိုက လွပ်လပ်စွာ Share နိုင်ပါသည် ||

Comments
Post a Comment