အဆိုတော်တိုင်း မဖြစ်မနေ သိထားသင့်တဲ့ ISRC နဲ့ UPC ကုဒ်အကြောင်း
ယနေ့ခေတ်မှာ ကိုယ်က သီချင်းသီဆိုသူ အဆိုရှင်၊ အဆိုတော် (Artist) တစ်ယောက်ဆိုရင် ISRC နဲ့ UPC အကြောင်းကို သိထားဖို့ လုံးဝလိုအပ်ပါတယ်။
ISRC (International Standard Recording Code)
ISRC ဆိုတာက သီချင်းတစ်ပုဒ်ချင်းစီ (သို့မဟုတ်) အသံသွင်းယူမှု (Recording) တစ်ခုချင်းစီအတွက် သီးသန့်သတ်မှတ်ပေးထားတဲ့ "ဒစ်ဂျစ်တယ်လက်ဗွေရာ" (Digital Fingerprint) ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာ အသိအမှတ်ပြု ကုဒ်နံပါတ်တစ်ခုလည်း ဖြစ်ပါတယ်။
ISRC ကုဒ် ဖွဲ့စည်းပုံ (ဥပမာ) ISRC ကုဒ်မှာ အက္ခရာနဲ့ ဂဏန်း စုစုပေါင်း ၁၂ လုံး ပါဝင်ပါတယ်။
ဥပမာ - US-S1Z-24-00001
US: နိုင်ငံကုဒ် (Country Code)
S1Z: ထုတ်ဝေသူ ကုဒ် (Issuer Code)
24: ထုတ်လုပ်သည့် ခုနှစ် (Year of Reference - 2024)
00001: သီချင်းစဉ် (Designation Code)
ဘယ်လိုအသုံးဝင်သလဲ?
ခြေရာခံခြင်း (Tracking): သီချင်းတစ်ပုဒ်ကို ဘယ်နေရာမှာ၊ ဘယ်နှစ်ကြိမ် နားထောင်ခဲ့လဲ (Stream)၊ ဒေါင်းလုပ် (Download) ဆွဲခဲ့လဲဆိုတာကို ခြေရာခံနိုင်ပါတယ်။ ဥပမာ - Spotify, Apple Music, YouTube စတဲ့ Platform တွေမှာ သီချင်းဖွင့်တိုင်း ISRC ကနေတစ်ဆင့် မှတ်တမ်းတင်ပါတယ်။
မူပိုင်ခွင့်စီမံခန့်ခွဲမှု (Royalty Management): သီချင်းကနေရရှိတဲ့ Royalty Fees တွေကို တိကျမှန်ကန်စွာ ခွဲဝေပေးနိုင်ဖို့ ISRC က အဓိကကျပါတယ်။
ခွဲခြားသတ်မှတ်ခြင်း (Identification): သီချင်းသန်းပေါင်းများစွာထဲကနေ ကိုယ့်သီချင်းကို တိတိကျကျ ခွဲခြားသိရှိနိုင်စေပါတယ်။ သီချင်းနာမည်တူနေရင်တောင် ISRC ကုဒ်က မတူညီပါဘူး။
ဖြန့်ချိရေး (Distribution): Digital Distribution လုပ်တဲ့အခါ ISRC က မရှိမဖြစ် လိုအပ်ပါတယ်။ ဒီကုဒ်မပါရင် သီချင်းကို Online Platform တွေပေါ် ဖြန့်ချိလို့ မရပါဘူး။
UPC (Universal Product Code)
UPC ဆိုတာကတော့ ကုန်ပစ္စည်းတစ်ခုလုံးအတွက် သတ်မှတ်ထားတဲ့ "ဘားကုတ်နံပါတ်" (Barcode Number) ဖြစ်ပါတယ်။ ဂီတနယ်ပယ်မှာဆိုရင် အယ်လ်ဘမ် (Album) တစ်ချပ်လုံး၊ EP တစ်ခုလုံး၊ ဒါမှမဟုတ် Single တစ်ပုဒ် (သီချင်းတစ်ပုဒ်တည်း ပါဝင်ရင်တောင်) ထုတ်ကုန် (Product) တစ်ခုလုံးအတွက် သတ်မှတ်ပေးတာ ဖြစ်ပါတယ်။
ဘယ်လိုအသုံးဝင်သလဲ?
ကုန်ပစ္စည်းခွဲခြားခြင်း (Product Identification): အယ်လ်ဘမ်တစ်ခုလုံးကို ကုန်ပစ္စည်းတစ်ခုအနေနဲ့ ခွဲခြားသတ်မှတ်ပေးပါတယ်။
ရောင်းအားခြေရာခံခြင်း (Sales Tracking): အယ်လ်ဘမ် သို့မဟုတ် Single တစ်ခုလုံးရဲ့ ရောင်းအားကို ခြေရာခံဖို့ အသုံးပြုပါတယ်။ ဥပမာ - iTunes မှာ အယ်လ်ဘမ်တစ်ခု ရောင်းရတိုင်း UPC ကနေ မှတ်တမ်းတင်ပါတယ်။
စတော့စီမံခန့်ခွဲမှု (Inventory Management): ရုပ်ပိုင်းဆိုင်ရာ CD တွေ၊ ဗီနိုင်း (Vinyl) ဓာတ်ပြားတွေ ထုတ်လုပ်တဲ့အခါ စတော့စီမံခန့်ခွဲမှုအတွက် UPC က အရေးကြီးပါတယ်။
လက်လီရောင်းချမှု (Retail Sales): စတိုးဆိုင်တွေမှာ ကုန်ပစ္စည်းတွေကို စကန် (Scan) ဖတ်ပြီး ရောင်းချတဲ့အခါ UPC ကို အသုံးပြုပါတယ်။
UPC နဲ့ ISRC ဘာကွာသလဲ?
အဓိက ကွာခြားချက်ကတော့ သူတို့ကိုယ်စားပြုတဲ့ "အရာ" (Entity) ပါပဲ။
ISRC: သီချင်းတစ်ပုဒ်ချင်းစီ (Individual Track) ကို ကိုယ်စားပြုပါတယ်။ သီချင်းတစ်ပုဒ်ချင်းစီရဲ့ မူပိုင်ခွင့်နဲ့ အသုံးပြုမှုကို ခြေရာခံဖို့ သုံးပါတယ်။
UPC: အယ်လ်ဘမ်တစ်ခုလုံး သို့မဟုတ် Single တစ်ခုလုံး (Product/Release) ကို ကိုယ်စားပြုပါတယ်။ ကုန်ပစ္စည်းတစ်ခုလုံးရဲ့ ရောင်းအားနဲ့ စီမံခန့်ခွဲမှုကို ခြေရာခံဖို့ သုံးပါတယ်။
ဥပမာအနေနဲ့ ပြောရရင် - သီချင်း ၁၀ ပုဒ်ပါတဲ့ အယ်လ်ဘမ်တစ်ခုမှာ UPC နံပါတ်က တစ်ခုပဲ ရှိပါမယ်။ ဒါပေမဲ့ အဲ့ဒီအယ်လ်ဘမ်ထဲက သီချင်း ၁၀ ပုဒ်စီတိုင်းမှာတော့ မတူညီတဲ့ ISRC နံပါတ် ၁၀ ခု ရှိနေမှာပါ။
ရှင်းအောင်ပြောရရင် ISRC က သီချင်းရဲ့ "မွေးစာရင်း" လိုမျိုးဖြစ်ပြီး၊ UPC ကတော့ အဲ့ဒီသီချင်းတွေပါဝင်တဲ့ "အယ်လ်ဘမ်ရဲ့ ကုန်ပစ္စည်းကုတ်" လိုမျိုးပါပဲ။
ဒီကုဒ်တွေကို ဘယ်ကရနိုင်မလဲ?
Artist တွေအနေနဲ့ ဒီကုဒ်တွေကို သီးသန့်လိုက်ဝယ်နေစရာ မလိုပါဘူး။ ၁။ Distributor တွေကတဆင့်: DistroKid, Tunecore စတဲ့ Digital Distributor တွေမှာ သီချင်းတင်တဲ့အခါ သူတို့က အလိုအလျောက် ထုတ်ပေးလေ့ရှိပါတယ်။ ၂။ Agency တွေကတဆင့်: Innofective လို Agency တွေနဲ့ လက်တွဲလုပ်ကိုင်တဲ့အခါမှာလည်း သီချင်းဖြန့်ချိတာနဲ့ တစ်ပါတည်း ဒီကုဒ်တွေကို စီစဉ်ပေးပြီးသား ဖြစ်ပါတယ်။
အရေးကြီးတဲ့ Metadata (သီချင်းအချက်အလက်) ISRC နဲ့ UPC ဟာ သီချင်းတစ်ပုဒ်ရဲ့ Metadata တွေထဲမှာ အရေးအကြီးဆုံး အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဒီကုဒ်တွေ မှားယွင်းနေရင် ဒါမှမဟုတ် မသိထားရင် Digital Copyright ကိစ္စတွေ၊ Distributor ပြောင်းချင်တာမျိုးတွေမှာ အခက်အခဲကြုံနိုင်သလို၊ ကိုယ်ရရမယ့် Royalty ငွေကြေးတွေလည်း ဆုံးရှုံးသွားနိုင်ပါတယ်။
innofective က တာဝန်ယူဖြန့်ချိထားတဲ့ သီချင်းမှန်သမျှ Quarterly Report တွေရဲ့ ထိပ်ဆုံးမှာ သီချင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေအပြင် ISRC နံပါတ်နဲ့ UPC နံပါတ်တွေကိုပါ ဖော်ပြပေးထားပါတယ်။ (တချို့ Artist တွေရဲ့ သီချင်းတွေက Streams မရှိလို့ စာရင်းမရောက်တာမျိုးတော့ ရှိနိုင်ပါတယ်။) အဲ့ဒီလိုအခါမျိုးမှာ ISRC Code လိုချင်ရင် အချိန်မရွေး လာရောက်မေးမြန်း တောင်းယူနိုင်ပါတယ်။
ဒီစာလေးက innofective အနေနဲ့ Knowledge Sharing လုပ်ပေးရုံ သက်သက်သာ ရည်ရွယ်ပါတယ်။ တချို့သူတွေအနေနဲ့ "ငါအပ်ထားတဲ့ Agency က ဘာမှလည်း မပြောပြပါလား" ဆိုပြီး အမြင်မစောင်းစေလိုပါဘူး။ Provider တစ်ဦးနဲ့တစ်ဦး၊ Agency တစ်ခုနဲ့တစ်ခု အလုပ်လုပ်ပုံချင်း တူချင်မှ တူမှာမို့လို့ပါ။ ကိုယ်က မသိထားဘူးဆိုရင်လည်း ကိုယ်အပ်ထားတဲ့ Agency ကို ချိတ်ဆက်ပြီး မေးမြန်းလို့ ရပါတယ်။ များသောအားဖြင့် ပြောပြပေးကြပါတယ်။
အစအဆုံး ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီစာက ကျွန်တော့်အတွေ့အကြုံအပေါ် အခြေခံပြီး လေ့လာသင်ယူနေဆဲ လူတစ်ယောက်အနေနဲ့ သိသလောက် မှတ်သလောက် ဝေမျှပေးတာဖြစ်တဲ့အတွက် လိုအပ်ချက်များ ရှိခဲ့ရင် နားလည်ပေးကြပါခင်ဗျာ။ ကိုယ့်အတွက် တစ်ခုခု အကျိုးရှိသွားတယ်ဆိုရင်တော့ Like & Share လေး လုပ်ပေးခဲ့ပါဦး။ ကျေးဇူးတင်ပါတယ်။

Comments
Post a Comment